Wednesday, February 20, 2008

အိန်ဂျယ်ရဲ့ တောင်ပံတစ်စုံ

ကလေးငယ်တစ်ဦးသည် မိမိကိုယ့်ကို နိမ့်ကျယုတ်ညံ့သူဟု ခံစားမိသည်။ အကြောင်းမှာ သူ၏ နောက်ကျော တစ်ဖက်တစ်ချက်စီတွင် နီမြန်းထင်ရှားသော ဒဏ်ရာအမာရွတ်ပါပြီး ထိုအမာရွတ်သည် ဂုတ်မှခါးအထိ ရှည်လျားနေသော ကြောင့်ဖြစ်သည်။ ထိုဒဏ်ရာပေါ်တွင် ဖုထစ်သော အသားစိုင်များဖြင့် ကြည့်ရ ရုပ်ဆိုးနေသည်။ ကလေးငယ်မှာ သူ့ကိုယ်သူ အလွန်စက်ဆုပ် မုန်းတီးမိသည်။

သူသည် အ၀တ်အစား လဲရမည်ကို အလွန်ကြောက်မိသည်။ အထူးသဖြင့် အားကစားချိန်တွင် အခြား ကလေးငယ်များက လွတ်လပ်ပေါ့ပါးသော အားကစားဝတ်စုံကို လဲလှယ်ရန် ပျော်ရွှင်နေသော်လည်း သူသည် နံရံ၏ ထောင့်တစ်နေရာတွင် ကပ်ပြီး နောက်ကျောကို အခြားကလေးငယ်များ မမြင်အောင် ခိုးလဲခဲ့ရသည်။ ကာလကြာသောအခါ ကလေးအချို့က သူ၏အပြုအမှုကို သတိထားမိကြပြီး နောက်ကျောမှ အမာရွတ်ကို မြင်တွေ့သွားကြသည်။

"ကြောက်စရာကြီး"
"ရွံ့စရာကြီး...သူနဲ့ မဆော့တော့ဘူး"
"လူမှ ဟုတ်ရဲ့လား.. မကောင်းဆိုးဝါးများလား"
ရိုးသားသော ကလေးငယ်များ၏ ပွင့်လင်းသော စကားများသည် သူ့အား အရှက်ကြီး ရှက်စေခဲ့သည်။ အ၀တ်အစားများ ကောက်ယူပြီး သူသည် အိမ်သို့ အပြေးပြန်ခဲ့ပြီး မိခင်အား အကြောင်းစုံ ပြောပြလိုက်သည်။ နောက်တစ်နေ့တွင် မိခင်က သူ့လက်ကို ဆွဲပြီး ကျောင်းသို့ လိုက်ပို့ခဲ့သည်။ အတန်းပိုင်ဆရာမ အားလည်း ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။

" သူ့ကိုမွေးပြီး မကြာဘူး ရောဂါ အသည်းအသန်ဖြစ်ခဲ့တယ်။ လက်လွတ်ဆုံးရှုံး နိုင်တဲ့အထိ သူအပြင်း ဖျားခဲ့တယ်။ ဒါပေမယ့် ရခဲတဲ့ လူ့ဘ၀နဲ့ ချစ်စရာကောင်းတဲ့ သူ့ကို ကျွန်မတို့ မရရအောင် ကုခဲ့တယ်။ အခေါက်ခေါက် အခါခါ ခွဲစိတ်ပြီးမှ သူ့အသက်ကို လုခဲ့ရတယ်။ ဒါကြောင့် သူ့နောက်ကျောမှာ ခွဲစိတ်ထားတဲ့ အမာရွတ်တွေ ကျန်နေခဲ့တယ်" မိခင်မှာ မျက်ရည်ဝဲနေခဲ့သည်။
" သား...ဆရာမကို ပြလိုက်" ကြောက်စရာ အမာရွတ်နှစ်ခုက သူ့အသက် ရှင်ရေးအတွက် ကြိုးပမ်းခဲ့ရသော သက်သေများပင် ဖြစ်သည်။
" နာတတ်သေးလား...သား" ဆရာမကို သူခေါင်းရမ်းပြသည်။
" သူ အရမ်းလိမ္မာတယ် ဆရာမ.. ဒါပေမယ့် သူကံဆိုးရှာတယ်.. ဆရာမ သူ့ကို အတတ်နိုင်ဆုံး စောင့်ရှောက် ပေးပါနော်"
" ကျွန်မ အတတ်နိုင်ဆုံး စောင့်ရှောက်ပါ့မယ်"
သူ့ကိုယ်သူ စက်ဆုပ်ရွံ့ရှာဖွယ် ကောင်းသူဟု မထင်စေရန်၊ အခြားကလေးငယ်များ သူ့အား မလှောင်ပြောင်၊ မကြောက်ရွံ့စေရန် ဆရာမ အကြံထုတ်တော့သည်။
"မနက်ဖြန် အားကစားအချိန်မှာ အများနဲ့အတူ အ၀တ်အစားလဲရမယ်နော်"
သူ့ခေါင်းကို ပွတ်သပ်ရင်း ဆရာမက ဆိုသည်။
"သူ့တို့ သားကို ရီလိမ့်မယ်... သားကို ထူးဆန်းတဲ့ သတ္တ၀ါလို့ ပြောကြလိမ့်မယ်"
သူမျက်ရည်ကျသည်အထိ ခေါင်းကို ခါရမ်းမိသည်။
" ဆရာမ အကြံရပြီ.. နောက်ဘယ်တော့မှ သားကို လူတွေ မလှောင်ပြောင်စေရဘူး"
"တကယ်လား ဆရာမ"
"ဆရာမကို ယုံတယ်မဟုတ်လား"
"ယုံပါတယ် ဆရာမ"
"ဒါဆို မနက်ဖြန် လူတွေရှေ့မှာ အ၀တ်အစားလဲရမယ်နော်"

နောက်တစ်နေ့ အားကစားအချိန်တွင် လူအများရှေ့တွင် သူအ၀တ်အစား လဲလိုက်သည်။ ကလေးငယ်များက သူ့ကိုကြည့်ပြီး မကောင်းဆိုးဝါး အား မြင်မိသည်အလား တွန့်ဆုတ် သွားကြသည်။ သူမျက်ရည်များ ဝေ့တက် လာခဲ့သည်။ ထိုအချိန်တွင် အတန်းပိုင် ဆရာမ ရောက်လာခဲ့သည်။
"ဆရာမ..သူ့နောက်ကျောကို ကြည့်လိုက်... ပိုးကောင်နဲ့ တူတယ်...ရွံ့စရာကြီး"
ဆရာမ ခွန်းတုန့်မပြန်ဘဲ သူ့အမာရွတ်ကို သေချာကြည့်လိုက်သည်။
"ဒါ.. ပိုးကောင်တွေ မဟုတ်ပါဘူး" ကလေးများဖက် လှည့်ပြီး ဆရာမပြောလိုက်သည်။
"ဟုတ်ပါ့မလား ဆရာမ"
"ဒါဆို ဘာလဲ ဆရာမ" ကလေးငယ်များ တစ်ယောက်တစ်ပေါက် ၀ိုင်းမေးကြသည်။
"ဆရာမ ပုံပြင်တစ်ပုဒ်ပြောပြမယ်... အားလုံးနားထောင်ကြ" ကလေးငယ်များ ဆရာမနား ၀ိုင်းအုံလာ ကြသည်။

"ဒါဟာ ရာဇ၀င်တစ်ခုဖြစ်တယ်။ ကလေးတိုင်းက ဟိုး မိုးကောင်းကင်ပေါ်မှာရှိတဲ့ အိန်ဂျယ်ကနေ ဖြစ်လာကြတာ... တစ်ချို့အိန်ဂျယ်တွေက ကလေးဖြစ်လာတာနဲ့ သူတို့ရဲ့ လှပတဲ့တောင်ပံကို ချက်ချင်းချွတ် လိုက်ကြတယ်။ ဒါပေမယ့် တစ်ချို့ကလေးတွေက နည်းနည်းနှေးတော့ အတောင်ပံကို ချွတ်ဖို့ အချိန်မရလိုက်ဘူး။ အချိန်မမီတဲ့ အဲဒီ ကလေးငယ်တွေရဲ့ နောက်ကျောမှာ ဒီလို အမာရွတ်တွေ ကျန်နေခဲ့ တတ်တယ်"
"၀ါး...တကယ်လား ဆရာမ...ဒါဆိုရင် ဒါဟာ အိန်ဂျယ်ရဲ့ အတောင်ပံပေါ့"
"ဟုတ်တယ်..." လျှို့ဝှက်စွာ ပြုံးရင်း ဆရာမကပြောသည်။
"တစ်ချို့ကလေးတွေ အတောင်မချွတ်ဘဲ ကျန်နေသေးလား မသိဘူး... တစ်ခြားလူတွေရဲ့ နောက်ကျောကို လည်း စစ်ဆေးကြည့်ကြစမ်း" ဆရာမ၏ အပြောကြောင့် ကလေးငယ်များ ပျာယာခတ်ပြီး အခြားသူများ၏ နောက်ကျောကို စစ်ဆေးကြည့်ကြသည်။

"ဆရာမ.. သားနောက်ကျောမှာ အမှတ်လေး တစ်ခုရှိတယ်။ အဲဒါရော ဟုတ်လား" မျက်မှန်တပ်ထားသော ကလေးငယ်ငယ် တစ်ဦးက ၀မ်းသာအားရပြောသည်။
"နင့်ဟာ မဟုတ်ဘူး... ဒီမှာ ငါ့အမှတ်က နီနီလေး..ငါကမှ အိန်ဂျယ်"
တစ်ယောက်တစ်ပေါက် လုယုက်ပြောဆိုကြရင်း သူ့အား လှောင်ရီဖို့ သူ့တို့ မေ့ကုန်ကြသည်။
"ဆရာမ... အိန်ဂျယ်ရဲ့အတောင်ပံကို သားတို့ ကိုင်ကြည့်လို့ရမလား"
"သူ ခွင့်ပြုမပြု ကိုယ်တိုင်မေးကြည့်လေ"
"ရပါတယ်" ကလေးငယ်များကို သူ ခေါင်းငုံ့ ပြုံးပြလိုက်သည်။
"ဟာ...ပျော့စိစိနဲ့.. အိန်ဂျယ်ရဲ့ အတောင်ပံကို ငါကိုင်လိုက်မိပြီဟေ့"
"ငါလဲ ကိုင်မယ်"
အတောင်ပံကို ကိုင်ရန် ကလေးငယ်များ အလုအယုက် တန်းစီခဲ့ကြသည်။ ထိုနေ့က အားကစားခန်းမ တစ်ခုလုံး ရီသံများဖြင့် လွှမ်းမိုးခဲ့သည်။ သူဆရာမကို လှည့်ကြည့်လိုက်တော့ ဆရာမက သူ့အား လက်မထောင်ပြခဲ့သည်။ မြင်ခဲသော အပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် ဝေဆာသွားခဲ့သည်။

ကလေးငယ်မှာ တစ်ဖြည်းဖြည်း ကြီးပြင်းလာခဲ့ပြီး နောင်တွင် ရေကူး ချန်ပီယံဖြစ်လာခဲ့သည်။ ဆရာမ ပြောခဲ့သော စကားတစ်ခွန်းကို သူတစ်သက် မေ့နိုင်တော့မည် မဟုတ်ပေ။
" အိန်ဂျယ်ရဲ့ တောင်ပံတစ်စုံ" သည် သူ့အား အမှောင်တွင်းမှ ရုန်းထွက် စေခဲ့သည်။






--
I love ppl not for what they can do for me, but for what i can do for them.

0 ယောက် က ဒီလိုပြောတယ် ....: